... ူငယ်ကောင်စီသည် ပြည်တွင်းအခြေစိုက်အဖွဲ့အစည်း လူငယ်အဖွဲ့အစည်းတစ်ခုဖြစ...
 

ဒီမိုကရက်တစ်လူငယ်ကောင်စီသည် ပြည်တွင်းအခြေစိုက်အဖွဲ့အစည်း လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာအထွေထွေသပိတ် နှစ်(၅)လုံးတွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးနှင့် ဖက်ဒရယ်အရေးဆိုင်ရာ ဆောင်ရွက်လျက် ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီတွင် နိုင်ငံရေးပါတီမှ လူငယ်များ၊တက်ကြွလှုပ်ရှာသူများ၊အမျိုးသမီးများ၊တိုင်းရင်းသားလူငယ်များ၊နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် ပညာရှင်များ၊အင်ဂျင်နီယာများ၊ဆရာဝန်များ၊အကြမ်းမဖက်တော်လှန်နေကြသည့် သပိတ်ခေါင်းဆောင်များ၊အစိုးရဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများဖြင့် ပါဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကောင်စီသမိုင်းအကျဉ်း

၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် “ ဒို့လူငယ်” လူငယ်ပရဟိတအသင်း၏ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲကာ Yale Youth Council , Australia ၏ မူကို တရားဝင် ခွင့်ပြုချက်တောင်းကာ ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ ဖွဲ့စည်းပုံ နှစ်ခုအား လျော်ညီစွာ ပြင်ဆင်ဖွဲ့စည်းရေးဆွဲသည့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ မူဝါဒသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံသဘောတရားများ နှင့် မဟာဗျူဟာ၊နည်းဗျူဟာများကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် လေ့လာနိုင်သည်။ အကြမ်းမဖက်တော်လှန်ရေးနည်းလမ်းကို အခြေတည်၍ ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် အဖွဲ့အစည်း၏ မဟာဗျူဟာသည် စုပေါင်းအင်အားပေါ်အခြေခံစေရမည်။ တစ်နည်းဆိုရလျှင်အဖွဲ့ဝင်တိုင်းသည်ပူးပေါင်းဆောင်ရွက်မှုနှင့်ညီညွတ်မှုကို စုပေါင်းခေါင်းဆောင်မှု သဘောတရားဖြင့် ပါဝင်စေရမည်။” ဟူသည့် မဟာဗျူဟာဖြင့် ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ မူဝါဒများ ဖြစ်သည့်

(၁) ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံသား လူငယ်များအားလုံး ပူးပေါင်းပါဝင်ရေးနှင့် ဆောင်ရွက်နိုင်စေရေး

(၂) လူငယ်များနှင့် လူအဖွဲ့အစည်းအကြား လမ်းညွန်ညှိနှိုင်းခြင်းနှင့် အကြံပြုခြင်းဖြင့် အပြုသဘောဆောင်သည့် လူမှုဘဝပုံစံ အကောင်အထည်ဖော်စေရေး။

(၃) ဒီမိုကရက်တစ်လူငယ်ကောင်စီသည် လူငယ်အဖွဲ့အစည်းများနှင့် အခြား အဖွဲ့အစည်းများအား ပစ်မှတ်ထား၍ စည်းရုံးလှုံ့ဆော်မှု မြှင့်တင်နိုင်ရေး။

     စသည့် လက်တွေ့ကျ၍ အလုပ်ဖြစ်သည့် မူဝါဒများဖြင့် ဆောင်ရွက်လျက် ရှိသည်။

အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်သော အားလုံး၏ စုပေါင်းအင်အားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအဖြစ် ဖော်ဆောင်ရေး နှင့် စစ်အာဏာရှင်စနစ်အား နောက်ဆုံးမျိုးဆက်ဖြစ်သည့် Generation Z များမှ နိဂုံးချုပ်ပေးနိုင်စေရေးအတွက် မမှိတ်မသုန် ထမ်းဆောင်လျက် ရှိသည်။ ထို့ကြောင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ချိတ်ဆက်ဆောင်ရွက်မှု၊အားပေးထောက်ခံမှုတို့သည် အာဏာရှင်စနစ်နိဂုံးချုပ်စေရေး  နှင့် အနာဂတ်ဖက်ဒရယ်တည်ဆောက်ရေးတို့တွင် ကြီးမားသော အင်အားဖြစ်သည်။

အမှတ်အသား၊သင်္ကေတ အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းချက်

ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ အမှတ်သင်္ကေတသည် ဇာမဏီ (Phoenix) ဖြစ်သည်။ ရှင်သန်ခြင်း၊ ငယ်ရွယ်တက်ကြွခြင်း နှင့် အောင်နိုင်ခြင်း အား ကိုယ်စားပြုသည်။ ကြယ်နီသည် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်အား ကိုယ်စားပြုသည်။ ကြယ်၏အရောင် အနီသည် ရဲဝံ့ခြင်း၊သတ္တိဗျတ္တိပြည့်စုံခြင်း နှင့် အကြမ်းမဖက်သည့် နှလုံးရည်အား ကိုယ်စားပြုသည်။ အပြာရင့်ရောင်သည် ဖက်ဒရယ်ဒီမိုကရေစီနှင့်    လူ့အခွင့်အရေးအား ကိုယ်စားပြုသည်။

ကော်မတီများ

ဒီမိုကရက်တစ် လူငယ်ကောင်စီတွင် ကော်မတီ(၈)ခုဖြင့်လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။

လူငယ်ရေးရာကော်မတီ

ဤကော်မတီသည် ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ အဓိကကျသော ကော်မတီတစ်ရပ် ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒအား အကောင်အထည်ဖော်ရန် ဤကော်မတီတွင် တာဝန်ရှိသည်။ အသင်းဝင်များသည် လူငယ်များ၏ အသက်မွေးဝမ်းကျောင်းနှင့် တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လှုပ်ရှားမှုများကို လုပ်ဆောင်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် အွန်လိုင်းသင်တန်းများ၊ ဟောပြောပို့ချမှုများ၊ ဆွေးနွေးမှုများ စသည်တို့ကို ဦးစီးဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ပြင် လူငယ်ရေးရာကော်မတီမှ ဦးစီးထုတ်ဝေသော လူငယ့်အသံစာစောင် တစ်ပတ်တစ်ကြိမ် ထုတ်ဝေနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်သည်။

တိုင်းရင်းသားရေးရာ ကော်မတီ

တိုင်းရင်းသားရေးရာကော်မတီဝင်အနေဖြင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏မူအရ အမျိုးသားများပြည်နယ်များရှိ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအဖွဲ့များနှင့်ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်နိုင်ရေး။ နိုင်ငံရေးဖြစ်စဉ်တွင် တိုင်းရင်းသားများ ပိုမိုပါဝင်လာနိုင်စေရေး။ မိမိတို့ဒေသ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ကျန်တိုင်းရင်းသားလူမျိုးများမှ စုပေါင်းအင်အားဖြင့် ဖြေရှင်းပေးနိုင်စေရေး။  လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ အနိုင်ကျင့်စော်ကားခံရမှုများ၊ တိုင်းရင်းသားအခွင့်အရေးဆုံးရှုံးမှုများကိုမှတ်တမ်းတင်၍ဖော်ထုတ်နိုင်စေရေး။

နိုင်ငံတကာဆက်ဆံရေးကော်မတီ

ဤကော်မတီသည် အခြားဒေသခံလူငယ်အဖွဲ့အစည်းများ၊ NGO များ၊ INGO များ၊ သံရုံးများနှင့် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရတို့နှင့် ဆက်သွယ်ရန်တာဝန်ရှိသည်။ စည်းလုံးခြင်းသည် အင်အားဟု ယုံကြည်ထားသည့်အတိုင်း ကျွန်ုပ်တို့သည် ကောင်စီ၏ ရည်မှန်းချက်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် အခြားလူငယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားသည်။ ကော်မတီဝင်များသည် ထိုအဖွဲ့အစည်းများသို့ဆက်သွယ်ခြင်း၊ ဒီမိုကရက်တစ် လူငယ်ကောင်စီ၏ ဦးတည်ချက်၊ မျှော်မှန်းချက်နှင့် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ ၎င်းအဖွဲ့အစည်းများနှင့်နီးကပ်စွာ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ခြင်းများနှင့် ကော်မတီနှင့် ရည်ရွယ်ချက်ချင်း တူညီသော အဖွဲ့အစည်းများအကြား ဖြစ်နိုင်ချေရှိသော ပူးပေါင်းဆောင်ရွက်မှုများအကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့အစီရင်ခံခြင်း စသည့်တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်သည်။

သတင်းအချက်အလက်နှင့် နည်းပညာကော်မတီ

ယနေ့အိုင်တီခေတ်ဖြစ်သောကြောင့်ဤကော်မတီသည် ဒီမိုကရက်တစ် လူငယ်ကောင်စီတွင်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်သည်။ အသင်းဝင်များသည် ဒီမိုကရက်တစ် လူငယ်ကောင်စီ၏ ဝက်ဘ်ဆိုက် ၊ အသင်းဝင်လျှောက်လွှာနှင့် ဖေ့စ်ဘွတ်စာမျက်နှာတို့ကို ထိန်းသိမ်းခြင်း၊ Zoom အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း၊ ဒေတာများကို Back up ပြုလုပ်ခြင်းနှင့်လုံခြုံအောင်ပြုလုပ်ခြင်း၊ နည်းပညာဆိုင်ရာ ပြဿနာများကို ဖြေရှင်းခြင်း၊ ဒီမိုကရက်တစ် လူငယ်ကောင်စီ ပရိုဂရမ်များကို အထိရောက်ဆုံးဖြစ်အောင် မည်သို့လုပ်ဆောင်နိုင်သည်ကို နည်းပညာပိုင်းအရ အကြံပြုခြင်း စသည့် IT နှင့် သက်ဆိုင်သော လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည်။

သုတေသနနှင့် မူဝါဒရေးရာ ကော်မတီ

ဤကော်မတီသည် ဒီမိုကရက်တစ် လူငယ်ကောင်စီ၏ Think-tank အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကော်မတီဝင်များအနေဖြင့် လူငယ်များ၏ စိတ်ဝင်စားမှုနယ်ပယ်၊ အသက်မွေးဝမ်းကြောင်း အခြေအနေ၊ အခြားလူငယ်အဖွဲ့အစည်းများ၏ ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးအစီအစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အာဏာသိမ်းမှုအပေါ်ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုများ အပါအဝင် အမျိုးမျိုးသော ကိစ္စရပ်များအား သုတေသနပြု ခွဲခြမ်းစိတ်ဖြာ အစီရင်ခံရမည် ဖြစ်သည်။ သတင်းများကို ခွဲခြမ်းစိတ်ဖြာကာ ကိုယ်ပိုင်သုံးသပ်ချက်များဖြင့် သတင်းဆောင်းပါးများ ရေးသားရန်အတွက် ဤကော်မတီတွင် အထူးဖြင့် Content Writer များကို လိုအပ်နေပါသည်။

စီမံခန့်ခွဲရေးကော်မတီ

ဤကော်မတီသည် ဒီမိုကရက်တစ် လူငယ်ကောင်စီ၏ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲရန် တာဝန်ရှိသည်။ ကော်မတီဝင်များသည် ဒီမိုကရက်တစ် လူငယ်ကောင်စီ၏မှတ်တမ်းများကို ထိန်းသိမ်းခြင်း၊ အစည်းအဝေးများကို စီစဉ်ခြင်း၊ အစည်းအဝေးများတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခြင်း၊ အစည်းအဝေးမှတ်စုများ သိမ်းဆည်းခြင်းနှင့် မျှဝေခြင်း၊ အခြားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဆက်ဆံရေးအရာရှိအဖြစ် ဆောင်ရွက်ခြင်း၊ ဒီမိုကရက်တစ် လူငယ်ကောင်စီ၏ မူဝါဒများကို အဖွဲ့ဝင်အသစ်များအား ရှင်းပြခြင်းနှင့် ဥက္ကဋ္ဌအား လိုအပ်သလို ကူညီခြင်းတို့ကို ဆောင်ရွက်ရပါမည်။

စည်းရုံးရေးကော်မတီ

ဤကော်မတီသည် ကောင်စီအဖွဲ့ဝင်သစ်များ စုဆောင်းရန် တာဝန်ရှိသည်။ ကော်မတီဝင်များသည် သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များအား ဒီမိုကရက်တစ် လူငယ်ကောင်စီမူဝါဒများမျှဝေခြင်း၊ အဖွဲ့ဝင်ဖြစ်ရန် စည်းရုံးခြင်း၊ ကောင်စီတေးသီချင်းတစ်ပုဒ် ဖန်တီးခြင်း၊ မီဒီယာအင်တာဗျူးစသည့် လှုပ်ရှားမှုများကိုစီမံခြင်းနှင့် လူထုနှင့် အစဉ်မပြတ် ထိတွေ့ဆက်ဆံနိုင်နေစေရေး ဆောင်ရွက်ခြင်းတို့ အပါအဝင် စည်းရုံးရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ရမည် ဖြစ်သည်။

ဘဏ္ဍာရေးနှင့် ရန်ပုံငွေရှာဖွေရေး ကော်မတီ

ဤကော်မတီသည် ကောင်စီ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကို စီမံခန့်ခွဲရန် တာဝန်ရှိသည်။ ကော်မတီဝင်များသည် ငွေစာရင်းစာအုပ်များ ထိန်းသိမ်းခြင်း၊ ငွေပေးချေမှုမှတ်တမ်းများထိန်းသိမ်းခြင်း၊ ငွေစာရင်းရှင်းတမ်းကို ပုံမှန်တင်ပြခြင်း၊ အလှူငွေများ အပါအဝင် လိုအပ်သော ရန်ပုံငွေများ စုဆောင်းခြင်းကိုကြီးကြပ်ကွပ်ကဲရမည် ဖြစ်သည်။ ဤကော်မတီသည် ကောင်စီ၏ ငွေသားစီးဆင်းမှုတစ်ခုလုံးကို ကြီးကြပ်ရန် တာဝန်ရှိသည်။





  Go to top  

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under "Creative Commons - Attribution - Sharealike" [1] and some of the text can also be licensed under the terms of the "GNU Free Documentation License" [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages [3] [4] [5] [6] [7]. Web links: [1] [2]